Numbers 10
10:1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
10:2 သင်သည် ပရိသတ်စည်းဝေးစေခြင်းငှာလည်းကောင်း၊ တပ်တို့ကိုချီစေခြင်းငှာလည်းကောင်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တစ်လုံးလျှင် ငွေတစ်တုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
10:3 တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌စည်းဝေးရကြမည်။
10:4 တံပိုးတစ်လုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတစ်ထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။
10:5 နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။
10:6 ဒုတိယအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ တောင်တပ်တို့သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းငှာ နှိုးဆော်သံနှင့်မှုတ်ရမည်။
10:7 ပရိသတ်စည်းဝေးစေခြင်းငှာ နှိုးဆော်သံကိုမပြုဘဲ တံပိုးမှုတ်ရမည်။
10:8 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကိုမှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။
10:9 သင်တို့သည် ကိုယ်ပြည်၌နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။
10:10 သင်တို့သည် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင်အောက်မေ့တော်မူဖို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ပူဇော်သကာများအပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
10:11 ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက်သောနေ့ရက်၌၊ မိုးတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည်ဖြစ်၍၊
10:12 ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တစ်ဖန် မိုးတိမ်သည် ပါရန်တော၌တည်နေ၏။
10:13 ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပထမခရီးသွားခြင်းကို ပြုကြ၏။
10:14 ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။
10:15 ဣသခါတပ်ကို၊ ဇုအာသားနာသနေလ အုပ်၏။
10:16 ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘ အုပ်ရ၏။
10:17 တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကိုထမ်းလျက် ချီသွားကြ၏။
10:18 ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသားဧလိဇုရ အုပ်ရ၏။
10:19 ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလ အုပ်ရ၏။
10:20 ဂဒ်တပ်ကို ဒွေလသားဧလျာသပ် အုပ်ရ၏။
10:21 ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင်ရကြ၏။
10:22 ဧဖရိမ်တပ် အစဉ်အတိုင်းအလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ်သားဧလိရှမာ အုပ်ရ၏။
10:23 မနာရှေတပ်ကို ပေဒါဇုရသားဂါမလျေလ အုပ်ရ၏။
10:24 ဗင်္ယာမိန်တပ်ကို ဂိဒေါနိသားအဘိဒန် အုပ်ရ၏။
10:25 နောက်ဆုံးတပ်တည်းဟူသော ဒန်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာ အုပ်ရ၏။
10:26 အာရှာတပ်ကို ဩကရန်သားပါဂျေလ အုပ်ရ၏။
10:27 နဿလိတပ်ကို ဧနန်သားအဟိရ အုပ်ရ၏။
10:28 ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားသောအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။
10:29 မောရှေကလည်း၊ ထာဝရဘုရားသည် ကတိတော်အတိုင်း ငါတို့အားပေးတော်မူမည်အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
10:30 ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။
10:31 မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ်ရပါ၏။
10:32 ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
10:33 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။
10:34 သူတို့သည် နေ့အချိန်၌တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာရှိလေ၏။
10:35 သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊
10:36 သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလအမျိုးသား အထောင်အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။