Matthew 1
1:1 အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊-
1:2 အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။-
1:3 ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့် ဇာရ။ ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။-
1:4 အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။-
1:5 စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။
1:6 ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဖူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။-
1:7 ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။-
1:8 အာသသား ယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။
1:9 ဩဇိသား ယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။-
1:10 ဟေဇကိသား မနာရှေ။ မနာရှေသား အာမုန်။ အာမုန်သား ယောရှိ။-
1:11 ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။
1:12 ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသား ရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။-
1:13 ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။-
1:14 အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သား ဧလုဒ်။-
1:15 ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။-
1:16 ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
1:17 ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။-
1:18 ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
1:19 သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
1:20 ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။-
1:21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။-
1:22 ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။-
1:23 ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။-
1:24 ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။-
1:25 သို့သော်လည်း၊ သားဦး ကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။