Matthew 13
13:1 ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာ ထိုင်နေတော်မူသည်တွင်၊-
13:2 များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။-
13:3 ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။-
13:4 အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။-
13:5 အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊-
13:6 နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။-
13:7 အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။-
13:8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။-
13:9 ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။-
13:10 တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊-
13:11 ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊-
13:12 အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
13:13 ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။-
13:14 ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။-
13:15 အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။-
13:16 သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။-
13:17 ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။-
13:18 မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။-
13:19 လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။-
13:20 ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊-
13:21 စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။-
13:22 ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။-
13:23 ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
13:24 အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။-
13:25 လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။-
13:26 အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊-
13:27 ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊-
13:28 အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊-
13:29 အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။-
13:30 စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။
13:31 အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။-
13:32 မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။
13:33 အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။
13:34 ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊-
13:35 ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-
13:36 ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊-
13:37 ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။-
13:38 လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။-
13:39 တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။-
13:40 တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။-
13:41 လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊-
13:42 ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။-
13:43 ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
13:44 တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။
13:45 တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။-
13:46 ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။-
13:47 တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။-
13:48 ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။-
13:49 ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊-
13:50 ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။
13:51 ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။-
13:52 ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။
13:53 ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။
13:54 ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။-
13:55 သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။-
13:56 သူ့နှမများတို့သည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊-
13:57 စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။-
13:58 မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။-