Luke 20
20:1 တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊-
20:2 ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊-
20:3 ကိုယ်တော်က၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။-
20:4 ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။-
20:5 ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊-
20:6 ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊-
20:7 အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။-
20:8 ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကိုငါမပြောဟု မိန့်တော်မူ၏။
20:9 ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။-
20:10 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှာ ဥယျာဉ်ရှင်သည် ငယ်သားကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။-
20:11 နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။-
20:12 နောက်တစ်ဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာရိုက်၍ နှင်ထုတ်ကြ၏။-
20:13 ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။-
20:14 ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊-
20:15 ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။-
20:16 ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊-
20:17 ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တစ်ဖန်တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။-
20:18 အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။
20:19 ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း လူများကိုကြောက်၍ နေရကြ၏။
20:20 ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။-
20:21 ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။-
20:22 အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက်ကြ၏။-
20:23 ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။-
20:24 ဒေနာရိ တစ်ပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊-
20:25 ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။-
20:26 ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။
20:27 ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊-
20:28 အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။-
20:29 ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊-
20:30 သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။-
20:31 ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။-
20:32 နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။-
20:33 သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ကြပြီဟု လျှောက်ကြ၏။
20:34 ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။-
20:35 နောင်ဘဝကိုလည်းကောင်း၊ သေခြင်းမှ ထမြောက်ခြင်းကိုလည်းကောင်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။-
20:36 သေခြင်းနှင့် အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သား ဖြစ်သောကြောင့် ဘုရားသခင်၏သား ဖြစ်ကြ၏။-
20:37 ထိုမှတစ်ပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။-
20:38 ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။-
20:39 ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။-
20:40 နောက်တစ်ဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ။
20:41 ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။-
20:42 ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု၊-
20:43 ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။-
20:44 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။
20:45 ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊-
20:46 ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။-
20:47 သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ ကြီးစွာသောဒဏ်ကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။