Luke 24
24:1 ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။-
24:2 ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လှန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊-
24:3 သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။-
24:4 ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။-
24:5 ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။-
24:6 ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။-
24:7 လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊-
24:8 ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊-
24:9 သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တစ်ကျိပ်တစ်ပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။
24:10 ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။-
24:11 သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။-
24:12 သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
24:13 ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊-
24:14 ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။-
24:15 ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။-
24:16 ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။-
24:17 ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊-
24:18 သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။-
24:19 ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။-
24:20 ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။-
24:21 ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။-
24:22 ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊-
24:23 အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။-
24:24 ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။
24:25 ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊-
24:26 ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။-
24:27 ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။-
24:28 ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊-
24:29 ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။-
24:30 စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊-
24:31 သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။-
24:32 တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
24:33 ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသောသူတို့သည် အပေါင်းအဖော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။-
24:34 စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊-
24:35 ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သော အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ ပြန်ကြားကြ၏။
24:36 ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။-
24:37 တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-
24:38 ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ် ရှိကြသနည်း။-
24:39 ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊-
24:40 လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
24:41 ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊-
24:42 ငါးကင်တစ်ပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။-
24:43 ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
24:44 တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။-
24:45 ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊-
24:46 ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။-
24:47 ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။-
24:48 သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။-
24:49 ငါ့ခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။
24:50 ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။-
24:51 ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
24:52 တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
24:53 ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။