John 7
7:1 ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။
7:2 ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊-
7:3 ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှာ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။-
7:4 ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊-
7:5 မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။-
7:6 ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ဖို့ ခပ်သိမ်းသောအချိန် သင့်လျက်ရှိ၏။-
7:7 လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။-
7:8 ထိုပွဲသို့ သင်တို့သွားကြလော့။-
7:9 ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။
7:10 ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။-
7:11 ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။-
7:12 လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော်ကောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖြားသည် ဟူ၍လည်းကောင်း ဆိုကြ၏။-
7:13 သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
7:14 ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏၊-
7:15 ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။-
7:16 ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။-
7:17 ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။-
7:18 ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။-
7:19 မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။-
7:20 လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။-
7:21 ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။-
7:22 မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။-
7:23 မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။-
7:24 မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
7:25 ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှာ ရှာကြသည်မဟုတ်လော။-
7:26 ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။-
7:27 သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။-
7:28 ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
7:29 ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊-
7:30 ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။-
7:31 လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
7:32 ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။-
7:33 ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။-
7:34 ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊-
7:35 ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။-
7:36 သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ ဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
7:37 ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။-
7:38 ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။-
7:39 ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
7:40 စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။-
7:41 အချို့ကလည်း၊ ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။-
7:42 ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ်လောဟု ဆိုကြ၏။-
7:43 ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။-
7:44 သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။
7:45 ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊-
7:46 မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။-
7:47 ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။-
7:48 မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။-
7:49 တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ဆိုကြ၏။-
7:50 အထက်က ညအခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ကလည်း၊-
7:51 ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟု ဆိုလျှင်၊-
7:52 သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊-
7:53 ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။