Deuteronomy 21
21:1 သင်၏ ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေကောင်ရှိသည်ကိုတွေ့၍၊ အဘယ်သူသတ်သည်ကို မသိလျှင်၊
21:2 သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာရကြမည်။
21:3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက်ကြီးသူတို့သည် ထမ်းပိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဖူးသေးသော နွားသငယ်ကိုယူ၍၊
21:4 လယ်မလုပ် မျိုးစေ့မကြဲနိုင်အောင် ရေမပြတ်သောချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊
21:5 သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း ရွေးချယ်တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
21:6 အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူအပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်းဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကိုဆေးလျက်၊
21:7 ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။
21:8 အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကိုသတ်သော အပြစ်လွတ်လိမ့်မည်။
21:9 ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သောသူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
21:10 သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဖမ်းယူသောအခါ၊
21:11 ဖမ်းယူသောသူတို့တွင် အဆင်းလှသောမိန်းမကို မြင်၍ စုံဖက်ခြင်းငှာအလိုရှိလျှင်၊
21:12 သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကိုပြုလျက်၊
21:13 ဖမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တစ်လပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဖက်၍ သူသည် သင်၏မယားဖြစ်မည်။
21:14 နောက်တစ်ဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
21:15 လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသောသားသည် မုန်းသောမယား၏သားဖြစ်လျှင်၊
21:16 ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။
21:17 မုန်းသောမယား၏သားသည် သားဦးဖြစ်သည်ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည်အဘ၏ ခွန်အားအစဦးဖြစ်၏။ သားဦးအရိုက်အရာနှင့် ဆိုင်ပေ၏။
21:18 အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
21:19 မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်၊
21:20 အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင်သောသူဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။
21:21 မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသတင်းကိုကြား၍ ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။
21:22 သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
21:23 အသေကောင်ကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့ချင်းတွင် မြေ၌ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သည် မညစ်ညူးစေမည်အကြောင်း ထိုသို့ပြုရမည်။