Deuteronomy 23
23:1 ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။
23:2 မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင် မဝင်ရ။
23:3 အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင် မဝင်ရ။
23:4 အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သူတို့သည် မုန့်နှင့်ရေကိုဆောင်၍ ခရီးဦးကြိုမလာကြ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ၊ မေသောပေါတာမိပြည်၊ ပေသော်မြို့၌နေသော ဗောရသားဗာလမ်ကို ငှားကြ၏။
23:5 သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် ဗာလမ်စကားကို နားမထောင်။ သင့်ကိုချစ်သောကြောင့် ကျိန်ဆဲခြင်းကို သင်၌ ကောင်းချီးမင်္ဂလာ ဖြစ်စေတော်မူ၏။
23:6 သင်သည် သူတို့ချမ်းသာ၊ သူတို့စည်းစိမ်ကို တစ်သက်လုံးအစဉ် မပြုစုရ။
23:7 ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည် သင်၏ညီအစ်ကို ဖြစ်၏။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဖူးပြီ။
23:8 သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ၏။
23:9 ရန်သူတို့ကို စစ်တိုက်သွားသောအခါ၊ မတရားသောအမှုရှိသမျှကို ရှောင်လော့။
23:10 ညအချိန်၌ ရောက်တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည်တပ်ပြင်သို့ ထွက်ရမည်။ တပ်ထဲသို့ မဝင်ရ။
23:11 မိုးချုပ်သောအခါ ရေချိုး၍၊ နေဝင်ပြီးမှ တပ်ထဲသို့ဝင်ရမည်။
23:12 သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင်၌ရှိရမည်။
23:13 တပ်ပြင်သို့ထွက်၍ စွန့်သောအခါ၊ ကိုယ်၌ပါသော သစ်သားတူးရွင်းနှင့် မြေ၌တူးရမည်။ နောက်တစ်ဖန်လှည့်၍ မစင်ကို ဖုံးအုပ်ရမည်။
23:14 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထိုကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမြင်၍ သင်မှ ရှောင်သွားတော်မမူမည်အကြောင်း၊ သင်၏တပ်သည် သန့်ရှင်းရမည်။
23:15 မိမိသခင်ထံကပြေး၍ သင့်ထံသို့ရောက်သော ကျွန်ကို သခင်၌မအပ်ရ။
23:16 ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ်၊ သင့်နေရာမြို့ တစ်စုံတစ်မြို့၌ သင့်ထံမှာနေရသော အခွင့်ရှိ၏။ သူ့ကို မညှဉ်းဆဲရ။
23:17 ဣသရေလအမျိုးသမီးတို့တွင် ပြည့်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။
23:18 ပြည့်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း၍ ရသောငွေကို သစ္စာကတိပြေစေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။
23:19 သင်၏အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။
23:20 တစ်ပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းချီးပေးတော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
23:21 သင်၏ဘုရားသခင် ထာဝရဘုရားအား သစ္စာကတိထားလျှင်၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်းတော်မူမည်။ သင်သည်မပြုဘဲနေလျှင် အပြစ်ရောက်လိမ့်မည်။
23:22 သစ္စာကတိမထားဘဲနေလျှင် အပြစ်မရောက်။
23:23 သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအား ကိုယ်အလိုအလျောက် သစ္စာကတိထား၍၊ ကိုယ်နှုတ်နှင့်မြွက်ဆိုသော စကားကိုတည်စေ၍၊ ကတိရှိသည်အတိုင်းပြုရမည်။
23:24 သင်သည် အိမ်နီးချင်း၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရသော်လည်း မသိမ်းမယူရ။
23:25 အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ။