Deuteronomy 27
27:1 တစ်ဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။
27:2 သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။
27:3 ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
27:4 ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။
27:5 ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊
27:6 ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သောကျောက်တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။
27:7 မိတ်သဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ပျော်မွေ့ခြင်းကို ပြုရမည်။
27:8 ထိုကျောက်ပေါ်မှာ ဤတရားစကားတော် အလုံးစုံတို့ကို သေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏။
27:9 တစ်ဖန် မောရှေနှင့်ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့်နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။
27:10 သို့ဖြစ်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
27:11 တစ်ဖန် မောရှေသည် ထိုနေ့၌ လူများတို့ကိုမှာထားသည်မှာ၊
27:12 သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းချီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။
27:13 ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။
27:14 ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရသောစကားဟူမူကား၊
27:15 ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:16 မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:17 အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:18 မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
27:19 တရားတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
27:20 အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:21 တိရစ္ဆာန်တစ်စုံတစ်မျိုးနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
27:22 အဘ၏သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:23 မယား၏အမိနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:24 အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:25 အပြစ်မရှိသော သူ၏အသက်ကိုသတ်ခြင်းငှာ အခကိုယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
27:26 ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။