Deuteronomy 9
9:1 အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ကိုထိသောမြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကိုလည်းကောင်း၊
9:2 အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင်သနည်းဟူသောစကားကို သင်ကြား၍၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သောလူမျိုးကိုလည်းကောင်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ်တစ်ဖက်သို့ ကူးလုပြီ။
9:3 သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာကြွသဖြင့်၊ လောင်သောမီးကဲ့သို့ဖြစ်လျက် သူတို့ကိုဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခုသဘောကျလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်သည် သူတို့ကိုနှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။
9:4 သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကိုသင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှနှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။
9:5 သင်ပြုသောကုသိုလ်ကြောင့်လည်းကောင်း၊ ဖြောင့်မတ်သော သဘောကြောင့်လည်းကောင်း၊ ထိုပြည်ကိုသွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏မကောင်းမှုကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောစကားတော်ကို တည်စေလိုသောငှာလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။
9:6 သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သောပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။
9:7 သင်သည်၊ သင်၏ ဘုရားသခင်ထာဝရဘုရားကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကိုမမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ရောက်သည်တိုင်အောင် ထာဝရဘုရားကိုပုန်ကန်ပြီ။
9:8 ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။
9:9 ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ တောင်ပေါ်မှာနေလေ၏။
9:10 သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမြွက်ဆိုတော်မူသော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသောကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရားသည် ငါ့အားအပ်ပေးတော်မူ၏။
9:11 အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ထာဝရဘုရားသည် ငါ့အားပေးတော်မူလျှင်၊
9:12 သင်သည်ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကိုသွန်းကြပြီဟု မိန့်တော်မူ၏။
9:13 တစ်ဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
9:14 သို့ဖြစ်၍ ငါ့ကိုရှိစေလော့။ သူတို့ကို ငါဖျက်ဆီးမည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေမည်။ သင့်ကိုမူကား၊ သူတို့ထက်အားကြီး၍ များပြားသောအမျိုး ဖြစ်စေမည်ဟု ငါ့အားမိန့်တော်မူ၏။
9:15 ထိုအခါငါသည် ပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ လှည့်၍ မီးလောင်သောတောင်ပေါ်က ဆင်းလာ၏။
9:16 သင်တို့သည် သင်တို့ဘုရားသခင်၊ ထာဝရဘုရားကိုပြစ်မှား၍၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရား မှာထားတော်မူသောလမ်းမှ အလျင်အမြန်လွှဲသွားကြောင်းကို ငါသည်ကြည့်မြင်လျှင်၊
9:17 လက်နှစ်ဖက်နှင့်ကိုင်သော ကျောက်ပြားတို့ကိုချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။
9:18 သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော အပြစ်ရှိသမျှတို့ကြောင့်၊ ငါသည်အရင်ပြုသကဲ့သို့ ထာဝဘုရားရှေ့တော်၌ပျပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေရ၏။
9:19 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက်တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရားသည် ငါ့စကားကိုတစ်ဖန် နားထောင်တော်မူ၏။
9:20 ထာဝရဘုရားသည်လည်း၊ အာရုန်ကိုဖျက်ဆီးခြင်းငှာ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဖို့ကိုလည်း ဆုတောင်းလေ၏။
9:21 သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကိုငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ်အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲကထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။
9:22 တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက်တော်ထွက်အောင် ပြုကြ၏။
9:23 ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။
9:24 ငါသိကျွမ်းသောနေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။
9:25 ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည် အရင်ပျပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပျပ်ဝပ်လျက်နေရ၏။
9:26 ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသောလက်တော်နှင့် အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ကို ဖျက်ဆီးတော်မမူပါနှင့်။
9:27 ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသောသဘောရှိ၍၊ ပြစ်မှားမိသောဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်။
9:28 သို့မဟုတ် အကျွန်ုပ်တို့ကို နုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ကတိထားသောပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်လည်းကောင်း၊ သူတို့ကိုမုန်းသောကြောင့်လည်းကောင်း၊ တော၌သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါလိမ့်မည်တကား။
9:29 ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။