Judges 1
1:1 ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊
1:2 ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
1:3 ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကိုတိုက်ခြင်းငှာ ငါ့အမွေမြေသို့ ငါနှင့်အတူလိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည်လိုက်သွားလေ၏။
1:4 ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကိုအပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။
1:5 အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကိုသတ်သောအခါ၊
1:6 အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ဖမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။
1:7 အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါပြုဖူးသည်အတိုင်း၊ ဘုရားသခင်သည် ငါ၌အပြစ်ပေးတော်မူပြီဟု ဆို၏။ ထိုမင်းကို ယေရုရှလင်မြို့သို့ပို့၍ သူသည် ထိုမြို့မှာသေလေ၏။
1:8 ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကိုတိုက်ယူ၍ ဓားနှင့်လုပ်ကြံပြီးမှ မီးရှို့ကြ၏။
1:9 ထိုနောက်တောင်ပေါ်၌လည်းကောင်း၊ တောင်မျက်နှာ၌လည်းကောင်း၊ ချိုင့်ထဲ၌လည်းကောင်းနေသော ခါနနိလူတို့ကို အတိုက်သွားကြ၏။
1:10 တစ်ဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုလုပ်ကြံကြ၏။
1:11 တစ်ဖန် ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊
1:12 ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
1:13 ကာလက်ညီကေနတ်၏သား ဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
1:14 ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တစ်ကွက်ကို အဘ၌တောင်းခြင်းငှာ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
1:15 သမီးက၊ ကောင်းချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည်အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
1:16 မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်မြို့တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။
1:17 တစ်ဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူသွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကိုဟော်မာအမည်ဖြင့် သမုတ်ကြ၏။
1:18 ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
1:19 ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကိုနှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။
1:20 မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အားပေးကြ၍၊ သူသည် အာနကသားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
1:21 ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
1:22 ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
1:23 လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှာ စေလွှတ်သော သူလျှိုတို့သည်၊
1:24 မြို့ထဲက ထွက်လာသောလူတစ်ယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟုဆိုသော်၊
1:25 ထိုသူသည် မြို့ထဲသို့ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ဓားနှင့်လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။
1:26 ထိုသူသည် ဟိတ္တိပြည်သို့သွားပြီးလျှင်၊ မြို့ကိုတည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
1:27 မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
1:28 တစ်ဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကိုဆက်သွင်းစေကြ၏။
1:29 ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက်နေကြ၏။
1:30 ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
1:31 ထိုအတူအာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
1:32 အာရှာအမျိုးသားတို့သည် ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။
1:33 ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့သည် အခွန်ပေးလျက် နေကြ၏။
1:34 အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကိုမပေးကြ။
1:35 အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။
1:36 အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။