Judges 15
15:1 နောက်တစ်ဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှာ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူအိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊
15:2 သင်သည် ငါ့သမီးကို ဆက်ဆက်မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဖော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကိုယူပါတော့ဟု ဆို၏။
15:3 ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကိုအပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
15:4 သွား၍ မြေခွေးသုံးရာတို့ကို ဖမ်းပြီးမှ၊ မြေခွေးအမြီး တစ်ခုနှင့်တစ်ခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊
15:5 မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကိုလည်းကောင်း၊ ကောက်လှိုင်းကိုလည်းကောင်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကိုလည်းကောင်း မီးလောင်လေ၏။
15:6 ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဖော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည်လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
15:7 ရှံဆုန်ကလည်း၊ ထိုသို့ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊
15:8 သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တစ်ပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
15:9 တစ်ဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
15:10 ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟုမေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကိုချည်နှောင်၍ ပြုခြင်းငှာ ချီလာသည်ဟု ပြန်ပြောကြ၏။
15:11 ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင်ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ပြုသနည်းဟုမေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ငါပြုပြီဟု ပြန်ပြော၏။
15:12 သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှာ ယခု ငါတို့လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကိုမလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
15:13 သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
15:14 လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သောကြိုးတို့သည် မီးထိသော ပိုက်ဆန်ရိုးကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
15:15 သူသည်လည်း မြည်းမေးရိုးလတ်လတ်ကိုတွေ့၍ ကိုင်ယူပြီးလျှင် လူတစ်ထောင်တို့ကို သတ်လေ၏။
15:16 သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတစ်ထောင်ကို ငါသတ်လေပြီဟုဆိုသောနောက်၊
15:17 မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
15:18 အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်းကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့်သေ၍ အရေဖျားလှီးခြင်းကို မခံသောလူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
15:19 လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကိုသောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
15:20 ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးလေ၏။