1 Samuel 7
7:1 ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အဘိနဒပ်အိမ်၌ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှာ၊ သူ၏သားဧလာဇာကို သန့်ရှင်းစေကြ၏။
7:2 သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ရှိစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကိုအောက်မေ့၍ မြည်တမ်းကြ၏။
7:3 တစ်ဖန် ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆုံးမသည်အတိုင်း၊
7:4 ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
7:5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊
7:6 သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝရဘုရားရှေ့တော်၌သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကိုကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။
7:7 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊
7:8 ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဖို့ အစဉ်မပြတ်ဆုတောင်းပါလော့ဟု ဆိုကြ၏။
7:9 ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအားတစ်ကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဖို့ ဆုတောင်း၍ ထာဝရဘုရားနားထောင်တော်မူ၏။
7:10 ရှမွေလသည် မီးရှို့ရာယဇ်ကိုပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကိုတိုက်ခြင်းငှာ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာမိုးချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။
7:11 ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကိုလုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။
7:12 ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။
7:13 ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တစ်ဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတားတော်မူ၏။
7:14 ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့်နေကြ၏။
7:15 ရှမွေလသည် တစ်သက်လုံး ဣသရေလအမျိုးကိုအုပ်စိုးလေ၏။
7:16 ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလအမျိုး၌စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ၏။
7:17 ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်လျက်နေလေ၏။