Job 33
33:1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
33:2 ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
33:3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
33:4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။
33:5 သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။
33:6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။
33:7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
33:8 အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
33:9 ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
33:10 ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
33:11 ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
33:12 ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။
33:13 ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
33:14 ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။
33:15 လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
33:16 ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။
33:17 ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
33:18 သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
33:19 လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
33:20 မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
33:21 အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
33:22 အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
33:23 သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
33:24 ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
33:25 ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။
33:26 ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
33:27 သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
33:28 သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
33:29 ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
33:30 သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
33:31 အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။
33:32 သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။
33:33 ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။