Job 41
41:1 လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။
41:2 သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။
41:3 သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
41:4 သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။
41:5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။
41:6 သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
41:7 သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။
41:8 သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။
41:9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။
41:10 သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
41:11 ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
41:12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။
41:13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
41:14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
41:15 လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
41:16 လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
41:17 တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ၏။
41:18 သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
41:19 ပစပ်ထဲက မီးရူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။
41:20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏။
41:21 အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။
41:22 လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
41:23 အသားအကြောတို့သည် တခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
41:24 နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။
41:25 သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။
41:26 သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။
41:27 သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။
41:28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။
41:29 ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
41:30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
41:31 အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။
41:32 သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။
41:33 မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။
41:34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။