Library · my

Exodus 27

27:1 တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ 27:2 ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။ 27:3 ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။ 27:4 ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊ 27:5 ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။ 27:6 ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊ 27:7 ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။ 27:8 တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။ 27:9 တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ 27:10 ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။ 27:11 ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။ 27:12 ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။ 27:13 ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။ 27:14 တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ 27:15 ခြေစွပ်သုံးခုရှိရမည်။ 27:16 ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ 27:17 ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ 27:18 ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။ 27:19 အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။ 27:20 ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။ 27:21 အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။