Library · my

Numbers 2

2:1 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊ 2:2 ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။ 2:3 နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:4 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။ 2:5 ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။ 2:6 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။ 2:7 ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။ 2:8 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။ 2:9 ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။ 2:10 တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။ 2:11 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။ 2:12 ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:13 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။ 2:14 ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:15 သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။ 2:16 ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။ 2:17 ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။ 2:18 အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:19 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။ 2:20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:21 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။ 2:22 ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။ 2:23 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။ 2:24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။ 2:25 တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:26 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။ 2:27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။ 2:28 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။ 2:29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 2:30 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။ 2:31 ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။ 2:32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။ 2:33 ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။ 2:34 ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။