John 4
4:1 ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။
4:2 တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊
4:3 ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊
4:4 ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။
4:5 ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။
4:6 ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
4:7 ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။
4:8 အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။
4:9 ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။
4:10 ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
4:11 မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။
4:12 ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။
4:13 ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။
4:14 ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
4:15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊
4:16 ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
4:17 မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။
4:18 အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
4:19 ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
4:20 အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
4:21 ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။
4:22 သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။
4:23 ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
4:24 ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
4:25 မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။
4:26 ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
4:27 ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။
4:28 ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊
4:29 အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊
4:30 သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
4:31 မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊
4:32 သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။
4:33 ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင်၊
4:34 ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။
4:35 ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။
4:36 စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။
4:37 တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။
4:38 သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
4:39 ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။
4:40 ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
4:41 အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
4:42 ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
4:43 နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။
4:44 အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။
4:45 ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။
4:46 ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။
4:47 ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
4:48 ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊
4:49 သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။
4:50 ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။
4:51 လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။
4:52 အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။
4:53 ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
4:54 ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။