Deuteronomy 14
14:1 သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။
14:2 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
14:3 စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။
14:4 စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
14:5 သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊
14:6 ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။
14:7 သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
14:8 ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။
14:9 ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
14:10 အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
14:11 စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
14:12 မစားရသော ငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
14:13 ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊
14:15 ကျီးမျိုးရှိသမျှ၊ ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
14:16 ဇိကွက်၊ ဣဗိတ်၊ ငှက်ကျား၊
14:17 ဝံပို၊ ဝံလို၊ ကြိုးကြာ၊
14:18 တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
14:19 အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသား ကို မစားရ။
14:20 စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
14:21 အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။
14:22 လယ်ယာ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။
14:23 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။
14:24 သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊
14:25 ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား၍၊
14:26 စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။
14:27 သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသား ဟူမူကား၊ သင်တို့နှင့်ရော၍၊ အဘို့မရှိ၊ အမွေကို မခံရ သောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊
14:28 တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
14:29 သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။