Genesis 38
38:1 ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ဝင်လေ၏။
38:2 ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဖက်ပြုလျက်၊
38:3 ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
38:4 တစ်ဖန်ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။
38:5 တစ်ဖန်ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ရှေလအမည်ဖြင့်မှည့်လေ၏။ ရှေလဖွားသောအခါ၊ အဘသည်ခေဇိပ်မြို့မှာရှိသတည်း။
38:6 ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဖက်စေ၏။
38:7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော်မူ၏။
38:8 ထိုအခါ ယုဒသည်ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဖက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွယ်လော့ဟုဆို၏။
38:9 ဩနန်သည်သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ဝင်သောအခါ၊ သုက်ရည်ကိုထုတ်၍ စွန့်လေ၏။
38:10 ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
38:11 သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလမကြီးမီ သင်သည် သင့်အဘအိမ်၌ မုဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။
38:12 ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။
38:13 မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှာ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
38:14 မုဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဖက်မပြုရဟု သိမြင်သောကြောင့်တည်း။
38:15 ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည့်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊
38:16 လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှာ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊
38:17 ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မီ တစ်စုံတစ်ခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
38:18 ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝှေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။
38:19 ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
38:20 ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှာ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကိုမတွေ့လျှင်၊
38:21 ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသောပြည့်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကိုမေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည့်တန်ဆာမ မရှိဟုဆိုကြလျှင်၊
38:22 ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ပြည့်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။
38:23 ယုဒကလည်း၊ ကျွန်ုပ်တို့သည် အရှက်မကွဲမည်အကြောင်း၊ ယူပါလေစေ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
38:24 ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတစ်ပါးက၊ သင်၏ချွေးမတာမာသည် ပြည့်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက်နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။
38:25 ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝှေးတို့ကို ယောက္ခမထံသို့ပို့စေ၍၊ ဤဥစ္စာကိုပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟုမှာလိုက်၏။
38:26 ထိုဥစ္စာကိုယုဒမှတ်မိ၍ သူ့အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟုပြောဆို၏။ နောက်တစ်ဖန် သူ့ကိုမချဉ်းကပ်ဘဲနေ၏။
38:27 ထိုနောက်တာမာသည် သားဖွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင်သားနှစ်ယောက်ရှိ၏။
38:28 ဖွားစဉ်တွင် သားတစ်ယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည်အရင်ဖွားလိမ့်မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့်စည်းလေ၏။
38:29 သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။
38:30 ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဖွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။