Genesis 40
40:1 ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင်အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှားကြ၏။
40:2 ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊
40:3 ယောသပ်အချုပ်ခံရာထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
40:4 ကိုယ်ရံတော်မှူးသည် သူတို့ကိုယောသပ်၌အပ်၍၊ ယောသပ်သည် ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက်နေရကြ၏။
40:5 ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတစ်ညချင်းတွင် တစ်ယောက်တစ်နည်းစီမြင်မက်ကြ၏။
40:6 နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်၊
40:7 သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူအချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။
40:8 သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။
40:9 ထိုအခါဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သောအိပ်မက်တွင်၊ ငါ့ရှေ့မှာစပျစ်နွယ်ပင်ရှိ၏။
40:10 ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်လေ၏။
40:11 ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။
40:12 ယောသပ်ကလည်း သင်၏အိပ်မက်အနက်ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။
40:13 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကိုချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်ကဖလားတော်ဝန်ဖြစ်၍ ပြုဖူးသည်နည်းတူ၊ တစ်ဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင်ဆက်မြဲ ဆက်ရလိမ့်မည်။
40:14 သင်သည်ချမ်းသာရသောအခါ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောဘုရင်ကိုလျှောက်၍ ကျွန်ုပ်ကိုဤအိမ်မှနုတ်ယူပါ။
40:15 အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆို၏။
40:16 ထိုအိပ်မက်အနက်ကောင်းသည်ကို စားတော်ဝန်သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
40:17 အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသော ခဲဖွယ်စားဖွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သောတောင်းထဲကနုတ်၍စားကြသည်ဟု ယောသပ်အားပြောဆို၏။
40:18 ယောသပ်ကလည်း၊ သင်၏အိပ်မက်အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
40:19 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
40:20 ထိုနောက်သုံးရက်လွန်သောအခါ၊ ဖာရောမင်းဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန်၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍၊
40:21 အိပ်မက်အနက်ကို ယောသပ်ဖတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တစ်ဖန်ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
40:22 စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
40:23 သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။