Genesis 50
50:1 ထိုအခါယောသပ်သည် အဘ၏မျက်နှာပေါ်မှာငုံ့၍၊ ငိုလျက်နမ်းလျက်နေ၏။
50:2 အဘ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်စေခြင်းငှာ၊ မိမိကျွန်ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည်နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
50:3 နံ့သာမျိုးနှင့်ပြင်ဆင်သောအလောင်းကို၊ ထုံးစံရှိသည်အတိုင်းထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည်ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
50:4 ငိုကြွေးမြည်တမ်းသောနေ့ရက်လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင်တို့သည်ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊
50:5 ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဖို့ငါတူးဖူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကိုကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကိုသင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့ဟုဆို၏။
50:6 ဖာရောမင်းကလည်း၊ သင်၏အဘကျိန်ဆိုစေသည်အတိုင်းသွား၍၊ သင်္ဂြိုဟ်လော့ဟုမိန့်တော်မူ၏။
50:7 ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှာထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
50:8 ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့်သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။
50:9 ထိုသို့လျှင်ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွလိုက်သွားကြ၏။
50:10 ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
50:11 ထိုသို့ အာတဒ်ကောက်နယ်တလင်း၌ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သားခါနာန်လူတို့သည်မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေးမြည်တမ်းပါသည်တကားဟု ဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နားမှာရှိသောထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍သမုတ်ကြသတည်း။
50:12 ယာကုပ်သားတို့သည်၊ အဘမှာထားသည်အတိုင်း ပြုကြ၏။
50:13 ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချိုင်းဖို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။
50:14 ယောသပ်သည်အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့်တကွ၊ အဲဂုတ္တုပြည်သို့ပြန်လေ၏။
50:15 ယောသပ်အစ်ကိုတို့သည် အဘသေသည်ကိုသိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်းထားလိမ့်မည်။ ငါတို့သည် အထက်ကသူ့ကိုညှဉ်းဆဲသောကြောင့်၊ ငါတို့အားဧကန်အမှန်ပြန်၍ ညှဉ်းဆဲလိမ့်မည်ဟုစိုးရိမ်လျက်၊
50:16 သူ့ထံသို့တမန်ကိုစေလွှတ်၍၊ ကိုယ်တော်အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အားပြုမိ၍၊
50:17 ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့လျှောက်ကြသောအခါ၊ ယောသပ်သည်မျက်ရည်ကျလေ၏။
50:18 အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာပျပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန်ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။
50:19 ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စားဖြစ်သလော။
50:20 သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများအသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည်ကြံတော်မူ၏။
50:21 ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကိုနှစ်သိမ့်စေ၍ မေတ္တာစကားကိုပြောလေ၏။
50:22 ထိုသို့ယောသပ်သည် မိမိအဘ၏အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တစ်ရာတစ်ဆယ်ကိုမီ၏။
50:23 ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာမွေးစားရ၏။
50:24 ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှဆောင်သွားတော်မူမည်ဟု အစ်ကိုတို့အားဆို၏။
50:25 တစ်ဖန်တုံ၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။
50:26 ထိုသို့ယောသပ်သည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့်ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကဦးကျမ်းပြီး၏။