Genesis 6
6:1 မြေကြီးမျက်နှာပေါ်မှာ လူတို့သည်များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
6:2 ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။
6:3 ထာဝရဘုရားကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်မဆုံးမရ။ အကြောင်းမူကား၊ လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း၊ အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
6:4 ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့်ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
6:5 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်၊
6:6 မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
6:7 ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များတို့ကိုလည်ကောင်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
6:8 နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
6:9 နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
6:10 နောဧသည်၊ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
6:11 ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။
6:12 ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။
6:13 ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။
6:14 ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရှူးစေးနှင့် သုတ်လော့။
6:15 လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိစေရမည်။
6:16 အပေါ်၌လည်းအမိုးကိုလုပ်ရမည်။ ထိုအမိုးအပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတစ်တောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတစ်ဖက်၌လည်း တံခါးကိုလုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
6:17 အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင်ပယ်ရှင်းခြင်းငှာ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာရှိသမျှတို့သည် သေရကြမည်။
6:18 သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်ရမည်။
6:19 အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။
6:20 ငှက်လည်းအမျိုးအလိုက်၊ သားလည်းအမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာစေခြင်းငှာ၊ သင့်ထံသို့ လာကြလိမ့်မည်။
6:21 ကိုယ်စားစရာအဖို့၊ တိရစ္ဆာန်တို့စားစရာအဖို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
6:22 မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။