2 Samuel 1
1:1 ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလက်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊
1:2 သုံးရက်မြောက်သောနေ့တွင် လူတစ်ယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပျပ်ဝပ်လျက်ရှိခိုး၏။
1:3 ဒါဝိဒ်ကလည်း၊ အဘယ်အရပ်က လာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။
1:4 ဒါဝိဒ်ကလည်း၊ အမှုကား အဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟု မေးလျှင်၊ သူက ဣသရေလလူတို့သည် စစ်တိုက်ရာတွင်ပြေး၍ အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
1:5 ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန်သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊
1:6 ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကိုမှီထောက်လျက်နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
1:7 ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ ခေါ်ပါ၏။
1:8 ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။
1:9 ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသောဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊
1:10 လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ဆောင်းသော ဦးရစ်နှင့် လက်ရုံးတော်၌ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။
1:11 ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။
1:12 ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ဓားဖြင့်လဲသေသောကြောင့်၊ သူတို့အတွက် ညဥ့်ဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။
1:13 ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တစ်ပါးအမျိုးသားအာမလက်လူဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊
1:14 ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှာ သင့်လက်ကို အဘယ်သို့ဆန့်ဝံ့သနည်းဟု ဆိုလျက်၊
1:15 လုလင်တစ်ယောက်ကို ခေါ်၍၊ သူ့ကို သွားသတ်တော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍သတ်လေ၏။
1:16 ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာ တည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟု ဆို၏။
1:17 ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမြည်တမ်း၍၊
1:18 ယုဒအမျိုးသားတို့အား သင်စေသော လေးသီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊
1:19 အိုဣသရေလ ဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။
1:20 ထိုသတင်းကို ဂါသမြို့၌ မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
1:21 အို ဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုးမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
1:22 သူရဲတို့၏အသွေး၊ ခွန်အားကြီးသောသူတို့၏ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု၏ဓားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
1:23 ရှောလုနှင့် ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တစ်ယောက်နှင့်တစ်ယောက် မကွာဘဲလျက် နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။
1:24 အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသောကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။
1:25 စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီတကား။
1:26 ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သောမေတ္တာသည် အံ့ဩဖွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍ အားကြီးသောမေတ္တာဖြစ်၏။
1:27 သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက်လက်နက်တို့သည် ဆုံးကြပြီတကားဟု ပါသတည်း။