2 Samuel 12
12:1 နောက်တစ်ဖန် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန်သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦးရှိပါ၏။
12:2 သူဌေးသည် အလွန်များစွာသော သိုးနွားမှစသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
12:3 ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသောသိုးမကလေး တစ်ကောင်တည်းမှတစ်ပါး တခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏ သားသမီးတို့နှင့်လည်းကောင်း ပေါင်း၍ ကြီးပွား၏။ အရှင်၏အစာကို စားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ရင်ခွင်၌အိပ်၍ သမီးကဲ့သို့ဖြစ်၏။
12:4 သူဌေးအိမ်သို့ ဧည့်သည်တစ်ဦးရောက်၍ သူဌေးသည် ဧည့်သည်ကိုလုပ်ကျွေးဖို့ မိမိသိုးနွားများကို နှမြောသောကြောင့် မယူ၊ ဆင်းရဲသား၏ သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဖို့ ချက်ပါသည်ဟု လျှောက်လေသော်၊
12:5 ဒါဝိဒ်သည် ထိုသူဌေးကို ပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ပြုသောသူသည် အမှန်သေရမည်။
12:6 ကရုဏာစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့်တော်မူ၏။
12:7 နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
12:8 သင့်သခင်၏ အဆွေအမျိုးကိုလည်းကောင်း၊ သင့်သခင်၏မယားတို့ကိုလည်းကောင်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများမလောက်လျှင် အခြားတစ်ပါးသောအရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။
12:9 သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ဓားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသားဓားနှင့် သတ်လေပြီတကား။
12:10 ယခုမှာသင်သည် ငါ့ကိုမထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကိုသိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ဓားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
12:11 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကိုငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဖော်လိမ့်မည်။
12:12 သင်သည် ဤအမှုကို မထင်မရှားပြုသော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ပြန်ကြားလေ၏။
12:13 ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အားဝန်ချ၍ နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှာ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
12:14 သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်၊
12:15 နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဖွားမြင်သောဒါဝိဒ်၏သားသည် ပြင်းစွာသောဝေဒနာကို ခံရ၏။
12:16 ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တစ်ညလုံးမြေပေါ်မှာ အိပ်လျက်နေ၏။
12:17 နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှာ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည်ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
12:18 ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့လျှောက်သောစကားကို နားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကိုကိုယ် ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျက် သူငယ်သေကြောင်းကို မလျှောက်ဝံ့ကြ။
12:19 သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။
12:20 ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
12:21 ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ်အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါ ထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
12:22 ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကိုသနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မူမည် မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည်အစာရှောင်၍ ငိုကြွေးလျက်နေ၏။
12:23 ယခုမှာ သူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာရဟု မိန့်တော်မူ၏။
12:24 တစ်ဖန် ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူသည်လည်း သားယောက်ျားကို ဖွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
12:25 ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိအမည်ဖြင့် မှည့်တော်မူ၏။
12:26 ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကိုတိုက်၍ မြို့တော်ကိုရပြီးမှ၊
12:27 ဒါဝိဒ်ထံတော်သို့ လူကိုစေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကိုတိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
12:28 ယခုမှာ ကြွင်းသောလူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြလိမ့်မည်ဟု လျှောက်လျှင်၊
12:29 ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
12:30 မင်းကြီး၏သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ် ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။
12:31 မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။