2 Samuel 17
17:1 တစ်ဖန် အဟိသောဖေလက၊ ကျွန်တော်သည် လူတစ်သောင်းနှစ်ထောင်တို့ကို ရွေးကောက်ပါရစေ။ ယနေ့ညပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
17:2 သူသည်မောလျက် လက်အားနည်းလျက်နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
17:3 လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူ တစ်ယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
17:4 ထိုစကားကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
17:5 ထိုအခါ အဗရှလုံက၊ အာခိလူဟုရှဲကိုလည်းခေါ်ခဲ့။ ငါတို့သည် သူ၏စကားကို နာကြားကြကုန်အံ့ဟု ဆိုသည်အတိုင်း၊
17:6 ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကို ပေးပြီ။ သူ၏စကားကို နားထောင်သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
17:7 ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
17:8 ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကိုလည်းကောင်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ ခမည်းတော်သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
17:9 ယခုမှာသူသည် မြေတွင်းတစ်စုံတစ်ခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ် အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
17:10 ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူ ဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၌ပါသောသူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သိကြပါ၏။
17:11 သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
17:12 ထိုသို့ ခမည်းတော်ကိုတွေ့သောအရပ် တစ်စုံတစ်ခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာနှင်းကျသကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူ တစ်ယောက်မျှ မကျန်ကြွင်းရ။
17:13 ၎င်းနည်း ခမည်းတော်သည် မြို့တစ်မြို့ထဲသို့ဝင်လျှင်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြိုးများကိုယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တစ်ခုကိုမျှ မကျန်စေခြင်းငှာ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊
17:14 အဗရှလုံနှင့် ဣသရေလ အမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံသည် အဟိသောဖေလပေးသော အကြံထက် သာ၍ကောင်းသည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှာ၊ အဟိသောဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
17:15 ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သောအကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့အား ပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
17:16 သို့ဖြစ်၍ ဒါဝိဒ်ထံသို့ အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက်မည်အကြောင်း မှာလိုက်သဖြင့်၊
17:17 ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတစ်ပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာနားမှာ နေရစဉ်တွင်၊ မိန်းမကလေးတစ်ယောက် သွား၍ပြောသည်အတိုင်း သူတို့သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ လျှောက်ကြ၏။
17:18 သို့ရာတွင် လူကလေးတစ်ယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တစ်အိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ဆင်း၍၊
17:19 မိန်းမသည် ရေတွင်းဝကိုဖုံးပြီးမှ ဆန်ကိုလှန်း၍ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
17:20 အဗရှလုံ၏ ကျွန်တို့သည် ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့် ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတစ်ဖက်သို့ ကူးကြပြီဟုပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။
17:21 ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့သွားပြီးလျှင်၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တစ်ဖက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
17:22 ဒါဝိဒ်နှင့် လူအပေါင်းတို့သည်ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုးလင်းသောအခါ မကူးသောသူ တစ်ယောက်မျှမရှိ။
17:23 အဟိသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင် ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုးတပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။
17:24 ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။
17:25 အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘအရာ၌ အာမသကိုခန့်ထား၏။ အာမသကား၊ ယွာဘအမိ ဇေရုယာ၏ညီမနာဟတ်သမီး အဘိဂဲလနှင့် စုံဖက်သော ဣရှမေလအမျိုးယေသာ၏သား ဖြစ်သတည်း။
17:26 ဣသရေလအမျိုးသားတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည်၌ တပ်ချကြ၏။
17:27 ဒါဝိဒ်သည် မဟာနိမ်မြို့သို့ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊
17:28 ထိုလူတို့သည် တော၌ရေစာငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟု ဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများစားစရာဖို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊
17:29 ပျားရည်၊ နို့ဓမ်း၊ သိုး၊ ဒိန်ခဲနှင့်တကွ အိပ်ရာ၊ လင်ပန်း၊ မြေခွက်များကို ဆောင်ခဲ့ကြသည်။