1 Kings 1
1:1 ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
1:2 သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသောကညာကို အရှင်မင်းကြီးအဖို့ ရှာပါရစေ။ သူသည် မင်းကြီးကိုခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှာ ရင်ခွင်တော်၌အိပ်ပါစေဟု လျှောက်ကြ၏။
1:3 ထိုသို့နှင့်အညီ အဆင်းလှသောအပျိုမကို ဣသရေလပြည်တစ်လျှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူအဘိရှက်ကိုတွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
1:4 ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင်ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင်သိမ်းတော်မမူ။
1:5 ထိုနောက် ဟဂ္ဂိတ်သား အဒေါနိယသည် ရှင်ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကိုလည်းကောင်း၊ ပြင်ဆင်လေ၏။
1:6 ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တစ်ခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
1:7 အဗရှလုံညီလည်း ဖြစ်၏။ သူသည် ဇေရုယာသားယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့်တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
1:8 ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့မဝင်ကြ။
1:9 အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သားမိမိညီများနှင့် ရှင်ဘုရင်၏ကျွန် ယုဒလူများအပေါင်းတို့ကို ခေါ်ဖိတ်လေ၏။
1:10 ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှစသော ညီရှောလမုန်ကိုကား မခေါ်မဖိတ်။
1:11 ထိုအခါ နာသန်သည် ရှောလမုန်အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သားအဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ်သည် မသိပါတကား။
1:12 ယခုမှာ သင်၏အသက်နှင့် ရှောလမုန်၏အသက်ကို ချမ်းသာစေခြင်းငှာ ကျွန်ုပ်သည် အကြံပေးပါရစေ။
1:13 ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင်မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ မဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက်လော့။
1:14 ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ်ဝင်၍ သင်၏စကားကိုထောက်မမည်ဟု အကြံပေးသည်အတိုင်း၊
1:15 ဗာသရှေဘသည် ရှင်ဘုရင်ရှိရာ အခန်းထဲသို့ဝင်လေ၏။ ရှင်ဘုရင်သည် အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
1:16 ဗာသရှေဘသည် ဦးချ၍ ရှင်ဘုရင်အားရှိခိုးလျှင်၊ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။
1:17 ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအားကျိန်ဆိုတော်မူပြီ။
1:18 ယခုမှာ အဒေါနိယသည် စိုးစံပါ၏။ ကိုယ်တော်အရှင်မင်းကြီးလည်း သိတော်မမူ။
1:19 အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသောအကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏သားတော်အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်မင်းယွာဘတို့ကို ခေါ်ဖိတ်ပါ၏။ ကိုယ်တော်ကျွန် ရှောလမုန်ကိုကား မခေါ်မဖိတ်ပါ။
1:20 အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏အရာ၌စိုးစံ၍ အဘယ်သူသည်နန်းထိုင်ရမည်ကို မိန့်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်ကြည့်လျက် နေကြပါ၏။
1:21 သို့မဟုတ် ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသောသူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
1:22 ထိုသို့ အထံတော်၌လျှောက်စဉ်တွင်၊ ပရောဖက်နာသန်သည်ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
1:23 နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပျပ်ဝပ်လျက်၊
1:24 အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
1:25 သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွားများတို့ကိုသတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်းတို့ကိုလည်းကောင်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကိုလည်းကောင်း ခေါ်ဖိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စားသောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေသတည်းဟု ကြွေးကြော်လျက် ယခုရှိကြပါ၏။
1:26 ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဖိတ်ပါ။
1:27 အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင်ရမည်ကို ကိုယ်တော်ကျွန်အား ပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
1:28 ထိုအခါ ဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
1:29 ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊
1:30 သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆိုသည်နှင့်အညီ ယနေ့ငါပြုမည်ဟု တစ်ဖန် ကျိန်ဆိုတော်မူ၏။
1:31 ဗာသရှေဘသည် ဦးချပျပ်ဝပ်လျက်၊ ရှင်ဘုရင်အားရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော်အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
1:32 ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယတို့ကိုခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ရှေ့တော်သို့ ဝင်လာကြ၏။
1:33 ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ကျွန်များကို ခေါ်၍ ငါ့သားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
1:34 ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန်သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။
1:35 ထိုနောက် သင်တို့လိုက်လျက် ငါ့သားသည် လာ၍နန်းထိုင်ရမည်။ ငါ့ကိုယ်စားရှင် ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
1:36 ယောယဒသား ဗေနာယက အာမင်။ အရှင်မင်းကြီးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့မိန့်တော်မူပါစေသော။
1:37 ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ရာဇပလ္လင်သည် သာ၍ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
1:38 ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။
1:39 ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကို ဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
1:40 လူအပေါင်းတို့သည် တီးမှုတ်လျက် နောက်တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
1:41 အဒေါနိယနှင့် သူ၏အပေါင်းအဖော်တို့သည် စားသောက်ပွဲပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကို ယွာဘကြားလျှင်၊ တစ်မြို့လုံးအုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟုမေးစဉ်ပင်၊
1:42 ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်သည်လာလျှင်၊ အဒေါနိယက ဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသတင်းကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊
1:43 ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင်ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
1:44 ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
1:45 ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာလာပြန်၍၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
1:46 ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
1:47 ရှင်ဘုရင်၏ကျွန်တို့သည်လည်း တို့အရှင်ဒါဝိဒ်မင်းကြီးကို ကောင်းချီးပေးခြင်းငှာ သွား၍ ဘုရားသခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမထက် သာ၍ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက် သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာဦးချလျက်၊
1:48 ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှာ၊ ငါ့နန်းပေါ်မှာ ထိုင်ရသောသူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
1:49 ထိုအခါ အဒေါနိယနှင့် ပေါင်းဖော်သောသူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တစ်ယောက်တခြားစီ သွားကြ၏။
1:50 အဒေါနိယသည်လည်း ရှောလမုန်ကိုကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
1:51 အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန်မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟု ဆိုကြောင်းကို ရှောလမုန်အားလျှောက်လေသော်၊
1:52 ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တစ်ပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရမည်ဟုအမိန့်တော်ရှိ၍၊
1:53 လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင်မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီးရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။