1 Kings 9
9:1 ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
9:2 ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော်မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
9:3 သင်သည် ငါ့ရှေ့မှာ ဆုတောင်းပတ္ထနာပြုသော စကားကိုငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက်နေမည်။
9:4 သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာကျင့်နေလျှင်၊
9:5 ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်အား ငါကတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
9:6 သို့မဟုတ် သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတစ်ပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
9:7 ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဖို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည်လည်း တစ်ပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာဖြစ်ရလိမ့်မည်။
9:8 အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ လျှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တစ်ယောက်မေးမြန်းသော်၊
9:9 တစ်ယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သူတို့၏ ဘုရားသခင်ထာဝရဘုရားကို သူတို့သည်စွန့်၍ အခြားတစ်ပါးသောဘုရားကို မှီဝဲလျက်ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရားသည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
9:10 ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
9:11 တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရှူးသစ်သားနှင့် ရွှေအခွက်တစ်ရာနှစ်ဆယ်ကို ပေးနှင့်သည်ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီးအားပေး၏။
9:12 ရှောလမုန်ပေးသောမြို့တို့ကို ဟိရံသည် တုရုမြို့မှလာ၍ကြည့်ရှုသောအခါ အားမရ။
9:13 ငါ့ညီ၊ ငါ့အားပေးသောမြို့တို့သည် အဘယ်သို့သောမြို့နည်းဟုဆိုလျက်၊
9:14 ထိုအရပ်ကို ကာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
9:15 ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှာ ငွေခွဲရသတည်း။
9:16 ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူမီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
9:17 သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတစ်ပါး၊ အောက်ဗေသောရုန်မြို့၊
9:18 ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
9:19 ဘဏ္ဍာတော်သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
9:20 ဣသရေလအမျိုးသား အကုန်အစင်မဖျက်ဆီးနိုင်သောကြောင့်၊
9:21 ပြည်တော်၌ကျန်ကြွင်းသော တစ်ပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ကျွန်ခံစေ၏။
9:22 ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
9:23 တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
9:24 ဖာရောရှင်ဘုရင်၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍၊ သူ့အဖို့ရှောလမုန်တည်ဆောက်သော နန်းတော်သို့ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကိုပြုပြင်လေ၏။
9:25 ထာဝရဘုရားအဖို့တည်သော ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို တစ်နှစ်တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကိုမီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
9:26 တစ်ဖန်ရှောလမုန်မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့်နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကိုတည်လုပ်၏။
9:27 ပင်လယ်ကူးသောအမှုကို နားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘောပေါ်မှာရှောလမုန်၏ လူတို့နှင့်အတူစီးစေ၏။
9:28 သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။