Nehemiah 8
8:1 သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာဧဇရကို တောင်းသည်အတိုင်း၊
8:2 နားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလပထမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ်ဧဇရသည် ဆောင်ခဲ့၍၊
8:3 နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
8:4 သူတို့လုပ်ကြသော တရားဟောရာ သစ်သားပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ယာဘက်၌လည်းကောင်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌လည်းကောင်း ရပ်နေကြ၏။
8:5 ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကိုဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။
8:6 ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။
8:7 ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။
8:8 ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှာ ပြုကြ၏။
8:9 လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။
8:10 သွားကြလော့၊ မြိန်စွာသောအစာကို စားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
8:11 ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။
8:12 လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။
8:13 ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုး သူကြီးများတို့နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိကျမ်းစကားကို နားလည်အံ့သောငှာ၊ ကျမ်းတတ်ဆရာဧဇရထံ၌ စည်းဝေးကြ၏။
8:14 သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
8:15 ထိုစကားကိုကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကို လုပ်ခြင်းငှာ တောင်သို့သွားကြ။ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက် အစရှိသော ထူထပ်သော အခက်အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။
8:16 လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာလည်းကောင်း၊ မိမိဝင်းထဲ၊ ဗိမာန်တော် တံတိုင်းထဲမှာလည်းကောင်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါးလမ်းမှာလည်းကောင်း သစ်ခက်တဲများကို လုပ်ကြ၏။
8:17 ထိုသို့ သိမ်းသွားခြင်းကို ခံရရာထဲက ထွက်လာသော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကိုလုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသရေလအမျိုးသားတို့သည် တစ်ခါမျှ ထိုသို့မပြုကြ။ အလွန်ဝမ်းမြောက်လျက် နေကြ၏။
8:18 ပထမနေ့မှစ၍ နောက်ဆုံးသောနေ့တိုင်အောင်၊ နေ့ရက်အစဉ်အတိုင်း ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဖတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံးခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခံကြ၏။