Job 11
11:1 နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
11:2 စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီးကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
11:3 သင်ပြောသော မုသားစကားကြောင့် သူတစ်ပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲဘဲနေရမည်နည်း။
11:4 သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
11:5 ဘုရားသခင် မိန့်တော်မူပါစေ။ သင့်တစ်ဖက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
11:6 နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
11:7 သင်သည် ဘုရားသခင်၏ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။
11:8 မိုးကောင်းကင်ကို မီသည်ဖြစ်၍ သင်သည် အဘယ်သို့ပြုနိုင်သနည်း။ မရဏနိုင်ငံထက် နက်သည်ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
11:9 အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
11:10 ဘုရားသခင်သည် ဖမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
11:11 ဘုရားသခင်သည် ဆိုးသောသူတို့၏သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
11:12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။
11:13 သင်သည် စိတ်နှလုံးကိုပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်လည်းကောင်း၊
11:14 သင်ပြုသောဒုစရိုက်ကို ပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်လည်းကောင်း၊
11:15 အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်။
11:16 ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
11:17 သင်၏အသက်သည် မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက်ကဲ့သို့လင်းလိမ့်မည်။
11:18 မျှော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာငြိမ်ဝပ်လိမ့်မည်။
11:19 အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
11:20 ဆိုးသောသူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့ မျှော်လင့်စရာအကြောင်းသည် အခိုးအငွေ့သက်သက် ဖြစ်သည်ဟု မြွက်ဆို၏။