Job 14
14:1 လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။
14:2 ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
14:3 ထိုသို့သောသူကို ကိုယ်တော် ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍ တရားတွေ့တော်မူမည်လော။
14:4 မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဖော်နိုင်ပါ။
14:5 လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသောကြောင့်၊
14:6 မျက်စိတော်ကိုလွှဲ၍ လူသည်သူငှားကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။
14:7 သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။
14:8 မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊
14:9 ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။
14:10 လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
14:11 အိုင်ရေပြတ်သကဲ့သို့လည်းကောင်း၊ မြစ်ရေ ခန်းခြောက်သကဲ့သို့လည်းကောင်း၊
14:12 လူသည်အိပ်ပြီးမှ နောက်တစ်ဖန် မထရ။ မိုးကောင်းကင် မကုန်မဆုံးမီတိုင်အောင် မနိုးရ။ အအိပ်အပျော် မပျက်ရ။
14:13 ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော် မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။
14:14 လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။
14:15 အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင် ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ် ရှိတော်မူပါ။
14:16 ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
14:17 အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ် ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ် အပြစ်တင်တော်မူ၏။
14:18 ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
14:19 လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမျှော်လင့်စရာအကြောင်းကို ဖျက်တော်မူ၏။
14:20 ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
14:21 သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။
14:22 သို့ရာတွင် သူ၏ကိုယ်သည် ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည် ညည်းတွားလျက် နေရပါသည်ဟု မြွက်ဆို၏။