Psalms 1
1:1 မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊
1:2 လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
1:3 အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
1:4 မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။
1:5 ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။
1:6 အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။