Psalms 106
106:1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
106:2 ထာဝရဘုရား၏ တန်ခိုးကြီးခြင်းအရာတော်တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင်ဖော်ပြနိုင်သနည်း။
106:3 ခပ်သိမ်းသောအခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
106:4 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက်တော်မူသောသူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှာလည်းကောင်း၊
106:5 ကိုယ်တော်၏လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏အမွေဖြစ်သော သူတို့နှင့်အတူ ဝါကြွားရွှင်လန်းစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော်မူပါ။
106:6 အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။
106:7 အဲဂုတ္တုပြည်၌ပြုတော်မူသော အံ့ဩဖွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာတော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နားမှာ ပုန်ကန်ကြပါ၏။
106:8 သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ၊ နာမတော်၏အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
106:9 ဧဒုံပင်လယ်ကိုဆုံးမတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။
106:10 မုန်းသောသူ၏လက်မှ သူတို့ကိုကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနုတ်တော်မူ၏။
106:11 ရန်သူတစ်စုံတစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည် လွှမ်းမိုးလေ၏။
106:12 ထိုအခါစကားတော်ကိုယုံ၍ ဂုဏ်ကျေးဇူးတော်ကို သီချင်းဆိုကြ၏။
106:13 သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန်မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊
106:14 တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
106:15 သူတို့တောင်းသောဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
106:16 ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကိုလည်းကောင်း၊ ထာဝရဘုရား၏သန့်ရှင်းသူ အာရုန်ကိုလည်းကောင်း ငြူစူကြ၏။
106:17 မြေကြီးသည်ကွဲလျက် ဒါသန်ကိုမျို၍၊ အဘိရံ၏အသင်းအဝင်ကို ဖုံးအုပ်လေ၏။
106:18 သူတို့အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။
106:19 သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ်ကို လုပ်၍၊ အရည်သွန်းသောရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ကြ၏။
106:20 သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဌာန်ကို ယူကြ၏။
106:21 အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကိုလည်းကောင်း၊
106:22 ဟာမအမျိုးနေရာ၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဖွယ်သော အမှုတို့ကိုလည်းကောင်းပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။
106:23 ထိုအခါ ရွေးကောက်တော်မူသောမောရှေသည် အမျက်တော်ကိုလွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။
106:24 ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။
106:25 မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားမထောင်ဘဲ နေကြ၏။
106:26 ထိုကြောင့် သူတို့ကို တော၌လှဲခြင်းငှာလည်းကောင်း၊
106:27 သူတို့အမျိုးအနွယ်ကို တစ်ပါးအမျိုးသားတို့တွင်လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာလည်းကောင်း၊ သူတို့တစ်ဖက်၌ ကျိန်ဆိုတော်မူ၏။
106:28 ထိုသူတို့သည် ဗာလပေဂုရဘုရား၌မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။
106:29 ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။
106:30 ထိုအခါ ဖိနဟတ်သည်ထ၍ တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။
106:31 ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။
106:32 တစ်ဖန် မေရိဘရေအနားမှာ အမျက်တော်ကိုနှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။
106:33 သူ၏စိတ်ကိုချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။
106:34 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မပြု၊ တစ်ပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
106:35 သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကို သင်ကြ၏။
106:36 သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။
106:37 ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။
106:38 ထိုသို့ အပြစ်မရှိသောသူတို့၏အသွေး၊ ခါနာန်ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူးလေ၏။
106:39 သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
106:40 ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကိုအမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။
106:41 သူတို့ကို တစ်ပါးအမျိုးသားတို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။
106:42 ရန်သူတို့သည်ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။
106:43 သူတို့ကို ကြိမ်ဖန်များစွာ ကယ်နုတ်တော်မူသော်လည်း၊ ပုန်ကန်သောအကြံကိုသာကြံ၍၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ၏။
106:44 တစ်ဖန် သူတို့အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊
106:45 ဝန်ခံခြင်းကတိတော်ကို သူတို့အဖို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော်မူ၏။
106:46 သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်းတို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။
106:47 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသောနာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တစ်ပါးအမျိုးသားတို့အထဲက နုတ်ယူ၍ စုသိမ်းတော်မူပါ။
106:48 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေလုယ။