Psalms 109
109:1 အကျွန်ုပ်ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။
109:2 မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
109:3 မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
109:4 အကျွန်ုပ်၏မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပတ္ထနာပြုလျက်နေပါ၏။
109:5 အကျွန်ုပ်ပြုသောကျေးဇူးအတွက် မကောင်းသောအပြစ်ကိုလည်းကောင်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကိုလည်းကောင်း ဆပ်ပေးကြပါ၏။
109:6 ထိုသို့သောသူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ယာနားမှာ ရန်သူနေပါစေ။
109:7 သူသည် တရားစီရင်ခြင်းကိုခံရာတွင် ရှုံးပါစေ။ သူပြုသောပတ္ထနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
109:8 သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
109:9 သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ။
109:10 သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစားဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှထွက်၍၊ အစာကိုရှာကြပါစေ။
109:11 သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ်၍ရသော ဥစ္စာကိုလည်း တစ်ပါးအမျိုးသားလုယူပါစေ။
109:12 သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုးတို့ကို ကယ်မသနားသောသူ တစ်ယောက်မျှ မရှိစေနှင့်။
109:13 သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင်၊ သူတို့၏နာမည်သည် ကျေပျောက်ပါစေ။
109:14 သူ့ဘိုးဘေးတို့၏ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ။ သူ့အမိ၏အပြစ်သည် မဖြေပါစေနှင့်။
109:15 ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ၊ ပယ်ရှင်းတော်မူပါစေ။
109:16 အကြောင်းမူကား၊ ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
109:17 သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
109:18 အဝတ်ကိုဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့လည်းကောင်း၊ ဆီကဲ့သို့ သူ၏အရိုးထဲသို့လည်းကောင်း ဝင်ပါစေ။
109:19 သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့လည်းကောင်း၊ သူ၏ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
109:20 ငါ၏ဝိညာဉ်တစ်ဖက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရဘုရားထံ ခံရကြပါစေ။
109:21 အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော်ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။
109:22 အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ်အထဲ၌ နှလုံးနာလျက်ရှိပါ၏။
109:23 ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
109:24 အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့၍ အသားလည်းလျော့ပါ၏။
109:25 အကျွန်ုပ်သည်လည်း သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
109:26 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
109:27 ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော။
109:28 ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
109:29 အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကိုခြုံကြပါစေသော။
109:30 အကျွန်ုပ်သည်နှုတ်မြွက်၍၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောသူတို့အလယ်မှာ ချီးမွမ်းပါမည်။
109:31 အကြောင်းမူကား၊ ဆင်းရဲသောသူ၏ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှာ၊ သူ၏လက်ယာဘက်မှာရပ်၍ နေတော်မူတတ်၏။