Psalms 114
114:1 ဣသရေလအမျိုး၊ ယာကုပ်အနွယ်သည် ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်ကထွက်သွားသောအခါ၊
114:2 ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
114:3 ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏။
114:4 တောင်ကြီးတို့သည် သိုးကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ကြ၏။
114:5 အချင်းပင်လယ်၊ သင်ပြေးသည်အကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့်သည်အကြောင်း၊
114:6 အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့သည် သိုးသငယ်ကဲ့သို့ခုန်ကြသည်အကြောင်းကား အဘယ်သို့နည်း။
114:7 အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ်အမျိုးကိုးကွယ်သော ဘုရားသခင်၏မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
114:8 ဘုရားသခင်သည် ကျောက်ကိုရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။