Psalms 140
140:1 အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
140:2 ထိုသူတို့သည် နှလုံးထဲမှာ မကောင်းသောအကြံအစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
140:3 သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကိုသွေးတတ်ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိပါ၏။
140:4 အိုထာဝရဘုရား၊ မတရားသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှာ ကြံစည်ကြပါ၏။
140:5 မာနကြီးသောသူတို့သည် အကျွန်ုပ်ဖို့ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ်သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကိုထားကြပါ၏။
140:6 ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
140:7 အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ကယ်တင်ခြင်းအစွမ်းသတ္တိ ဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ်၏ဦးခေါင်းကို ဖုံးအုပ်တော်မူ၏။
140:8 အိုထာဝရဘုရား၊ မတရားသောသူ၏ အလိုပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။
140:9 ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။
140:10 မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါစေသော။ မီးထဲသို့လည်းကောင်း၊ နက်သောတွင်းထဲသို့လည်းကောင်း ကျကြပါစေသော။ တစ်ဖန်မထကြပါစေနှင့်။
140:11 ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာနေရာမမြဲပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည်တိုင်အောင် ဘေးဥပဒ်သည် လိုက်ပါစေသော။
140:12 ထာဝရဘုရားသည် ဆင်းရဲသောသူ၏အမှုကိုစောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူမည်ဟု ငါသိ၏။
140:13 အကယ်စင်စစ်တရားသောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သောသူတို့သည် အထံတော်၌ နေရကြပါလိမ့်မည်။