Psalms 148
148:1 ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
148:2 ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ ချီးမွမ်းကြလော့။
148:3 နေလတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
148:4 ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့၊ ချီးမွမ်းကြလော့။
148:5 ထိုအရာတို့ကို အမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။
148:6 ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
148:7 မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊
148:8 မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
148:9 တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသော အပင်၊ အာရဇ်ပင်ရှိသမျှ၊
148:10 သားရဲနှင့် သားယဉ်အပေါင်း၊ တွားတတ်သောတိရိစ္ဆာန်နှင့် ပျံတတ်သောငှက် အစရှိသော၊
148:11 လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သားအပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
148:12 လူပျိုနှင့် အပျိုများ၊ လူအိုနှင့် လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
148:13 နာမတော်တစ်ပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။
148:14 မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။