Psalms 27
27:1 ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
27:2 ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကိုကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍လဲကြ၏။
27:3 ငါ့တစ်ဖက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံးမကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
27:4 ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။
27:5 အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည်ကာလ၊ တဲတော်တွင် ငါ့ကို ကွယ်ကာတော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊ ငါ့ကိုဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
27:6 ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
27:7 အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကိုသနား၍ ထူးတော်မူပါ။
27:8 ငါ၏မျက်နှာကိုရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာကိုရှာပါမည်။
27:9 အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ကျွန်ကို ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
27:10 ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
27:11 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
27:12 မမှန်သောသက်သေကိုခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။
27:13 အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ငါတွေ့မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
27:14 ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။