Psalms 52
52:1 အားကြီးသောအချင်းလူ၊ သင်သည်သူ့အကျိုးကိုဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ်တည်၏။
52:2 သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။
52:3 သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။
52:4 အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။
52:5 အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲကနှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏နေရာထဲက နုတ်ပစ်တော်မူမည်။
52:6 ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။
52:7 ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ ခိုင်ခံ့သောသူကိုကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။
52:8 ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။
52:9 ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။