Psalms 59
59:1 အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့၏အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
59:2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကိုနုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ။
59:3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက်နေကြပါ၏။ အားကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ်အပြစ်ကြောင့် မဟုတ်ပါ။
59:4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည်ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
59:5 ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ သာသနာပလူအပေါင်းတို့ကို ဆုံးမခြင်းငှာ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစ်စုံတစ်ယောက်ကိုမျှ သနားတော်မမူပါနှင့်။
59:6 သူတို့သည် ညဥ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
59:7 ထိုသူတို့သည် စော်ကားသောစကားကိုပြော၍၊ သူတို့နှုတ်ခမ်းတွင် ဓားပါလျက် အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏။
59:8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
59:9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မျှော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
59:10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှာ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
59:11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ်ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
59:12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော။ သူတို့ ကျိန်ဆဲသောစကားနှင့် မုသားစကားကြောင့်၊
59:13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင် ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြပါစေသော။
59:14 ညဥ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
59:15 အစာကိုရှာလျက် အရပ်ရပ်သို့လည်၍မဝဘဲ တစ်ညလုံးနေကြပါစေသော။
59:16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကိုသီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
59:17 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင်ဘုရားသခင် ဖြစ်တော်မူ၏။