Psalms 7
7:1 အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နုတ်ယူ၍ကယ်တင်တော်မူပါ။
7:2 သို့မဟုတ် နုတ်ယူသောသူမရှိစဉ်၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်။
7:3 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်လည်းကောင်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်လည်းကောင်း၊
7:4 အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲသော်လည်းကောင်း၊ ထိုသို့သောအပြစ်တစ်စုံတစ်ခုရှိလျှင်၊
7:5 ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။
7:6 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဖို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။
7:7 လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံကြလျက်၊ သူတို့အဖို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။
7:8 ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ စုံလင်ခြင်းကိုလည်းကောင်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။
7:9 မတရားသောသူတို့၏ အဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။
7:10 သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။
7:11 ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက်ထွက်တော်မူ၏။
7:12 ထိုသူသည် မပြောင်းလဲလျှင် ဓားတော်ကိုသွေးတော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။
7:13 သေစေသော လက်နက်ကိုလည်း သူ့အဖို့ပြင်ဆင်၍ မြားတော်တို့ကို လောင်စေတော်မူ၏။
7:14 ထိုသူသည် ဒုစရိုက်ဖွားသော ဝေဒနာကိုခံရ၏။ မကောင်းသောအကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဖွားမြင်တတ်၏။
7:15 တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသောတွင်းထဲသို့ မိမိကျတတ်၏။
7:16 မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှုသည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။
7:17 ငါမူကား၊ ထာဝရဘုရား၏တရားသောအမှုတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။