Psalms 72
72:1 အိုဘုရားသခင်၊ ကိုယ်တော်၏တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်းအခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
72:2 ထိုမင်းသည် ကိုယ်တော်၏လူတို့ကို ဖြောင့်မတ်စွာစီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
72:3 တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့အား ချမ်းသာပေးကြပါလိမ့်မည်။
72:4 ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။
72:5 နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
72:6 ထိုမင်း၏သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြေကို စိုစေသော မိုးပေါက်များကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
72:7 လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။
72:8 ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။
72:9 တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကိုလျက်ကြလိမ့်မည်။
72:10 တာရှုမင်းတို့နှင့် ပင်လယ်တစ်ဖက်၌ နေသောမင်းတို့သည် အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြလိမ့်မည်။
72:11 ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်၍၊ ခပ်သိမ်းသောလူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။
72:12 အကြောင်းမူကား၊ ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။
72:13 ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
72:14 သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။
72:15 အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကို ဆက်ခြင်း၊ ကိုယ်တော်အဖို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။
72:16 ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
72:17 နာမတော်သည် အစဉ်အမြဲ တည်လိမ့်မည်။ နေသည် တည်သမျှသောကာလပတ်လုံး နာမတော် တိုးပွားလိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
72:18 အံ့ဖွယ်သော အမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
72:19 ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲမင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်စုံပါစေသတည်း။ အာမင်နှင့် အာမင်။
72:20 ယေရှဲ၏သားဒါဝိဒ် ဆုတောင်းသောပတ္ထနာ စကားပြီး၏။