Psalms 75
75:1 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
75:2 ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။
75:3 မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။
75:4 မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သောသူတို့အားလည်းကောင်း၊ ဦးချိုကို မမြှောက်ကြနှင့်။
75:5 သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အားလည်းကောင်း ငါပြောထား၏။
75:6 အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှကျေးဇူးမပြုနိုင်။
75:7 ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။
75:8 ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍သောက်ရကြ၏။
75:9 ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။
75:10 မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။