Psalms 81
81:1 ငါတို့အစွမ်းသတ္တိတည်းဟူသော ဘုရားသခင်အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသောအသံကို ပြုကြလော့။
81:2 တူရိယာမျိုးကို ဆောင်ကြ။ ပတ်သာကိုလည်းကောင်း၊ သာယာသောစောင်းနှင့် တယောကိုလည်းကောင်း ယူခဲ့ကြ။
81:3 လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။
81:4 ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
81:5 နားမလည်သောစကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တစ်ဖက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။
81:6 ငါသည် သူ၏ပခုံးကို ဝန်နှင့်လွတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နုတ်ယူ၏။
81:7 သင်သည် ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသောမိုးကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။
81:8 ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင်ပါစေသော။
81:9 သင်၌ တစ်ပါးအမျိုး၏ဘုရားမရှိရ။ တစ်ကျွန်းတစ်နိုင်ငံဘုရားကို မကိုးကွယ်ရ။
81:10 ငါသည်သင့်ကို အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။
81:11 ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။
81:12 ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
81:13 ငါ၏လူစုသည် ငါ့စကားကိုနားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။
81:14 လိုက်လျှင် ငါသည် သူတို့ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ်မည်။
81:15 ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲတည်ရသောအခွင့် ရှိကြလိမ့်မည်။
81:16 အကောင်းဆုံးသောဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။