Psalms 92
92:1 ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း၍၊
92:2 အမြင့်ဆုံးသောဘုရား၏နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှာလည်းကောင်း၊
92:3 စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကိုတီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြခြင်းငှာလည်းကောင်း လျောက်ပတ်ပေ၏။
92:4 အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။
92:5 အို ထာဝရဘုရား၊ စီရင်တော်မူသောအမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။
92:6 တိရစ္ဆာန်သဘောရှိသောသူမသိ၊ မိုက်သောသူ နားမလည်သောအမှုအရာဟူမူကား၊
92:7 မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။
92:8 ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရားဖြစ်တော်မူ၏။
92:9 အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။
92:10 အကျွန်ုပ်၏ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။
92:11 အကျွန်ုပ်၏ရန်သူတို့ကို အကျွန်ုပ်မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
92:12 ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။
92:13 ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တံတိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။
92:14 အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။
92:15 ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။