Psalms 94
94:1 အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
94:2 မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသောအရှင်၊ ထတော်မူပါ။ မာနကြီးသောသူတို့အား အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
94:3 အိုထာဝရဘုရား၊ မတရားသောသူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။
94:4 အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား၍၊ ကြမ်းတမ်းသောစကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။
94:5 အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကိုနှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။
94:6 မုဆိုးမနှင့် ဧည့်သည်ကိုလည်းကောင်း၊ မိဘမရှိသော သူငယ်ကိုလည်းကောင်း သတ်ကြပါ၏။
94:7 သို့ရာတွင်၊ ထာဝရဘုရားသည်မမြင်၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါ၏။
94:8 တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။
94:9 နားကိုစိုက်ထားတော်မူသောသူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်းတော်မူသောသူသည် မမြင်ရသလော။
94:10 လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
94:11 လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
94:12 အို ထာဝရဘုရား၊ မတရားသောသူတို့အဖို့ တွင်းတူးစဉ်အခါ၊
94:13 ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှာ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။
94:14 ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။
94:15 တစ်ဖန် ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင်ဆုံးဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။
94:16 လူဆိုးတို့ကိုဆီးတား၍ ငါ့ဘက်မှာ အဘယ်သူထမည်နည်း။ မတရားသော သူတို့ကိုဆီးတား၍၊ ငါ့ဘက်မှာ အဘယ်သူနေမည်နည်း။
94:17 ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မီ နေရာကျရလိမ့်မည်။
94:18 ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။
94:19 အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။
94:20 မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစုတတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရပါမည်လော။
94:21 ဖြောင့်မတ်သောသူ၏အသက်ကို သတ်ခြင်းငှာ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှာ စီရင်ကြပါ၏။
94:22 သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာကျောက် ဖြစ်တော်မူ၏။
94:23 သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ရောက်စေတော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော်မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။