Proverbs 1
1:1 ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည်လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ဒါ ဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊
1:5 ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။
1:6 ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကိုလည်းကောင်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
1:7 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
1:8 ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
1:9 ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။
1:10 ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
1:11 သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။
1:12 သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့တစ်ကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏနိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
1:13 အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
1:14 ငါတို့နှင့် ပေါင်းဖော်တော့။ ရသောဥစ္စာကို အညီအမျှပိုင်ကြစို့ဟု ဆိုသော်လည်း၊
1:15 ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
1:16 အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။
1:17 အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။
1:18 လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။
1:19 မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။
1:20 ပညာသည် ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
1:21 လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊
1:22 အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကိုမုန်းလျက်၊ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
1:23 ငါဆုံးမသော စကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်။
1:24 ငါသည်ခေါ်၍ သင်တို့သည်ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်လည်းကောင်း၊
1:25 ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတစ်ခွန်းကို နားမခံဘဲနေသောကြောင့်လည်းကောင်း၊
1:26 သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သောအမှုရောက်သောအခါ ငါပြက်ရယ်ပြုမည်။
1:27 သင်တို့ ကြောက်မက်ဖွယ်သောအမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့လည်းကောင်း၊ သင်တို့ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့လည်းကောင်း ရောက်လာ၍၊ သင်တို့သည် ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊
1:28 ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။
1:29 အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။
1:30 ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
1:31 ထိုကြောင့် သူတို့သည် ကိုယ်ကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်။
1:32 ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။
1:33 ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။