Proverbs 10
10:1 ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
10:2 မတရားသော ဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။
10:3 ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
10:4 ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။
10:5 အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
10:6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။
10:7 တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။
10:8 လိမ္မာသောသူသည် ပညတ်တရားကိုခံတတ်၏။ စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏။
10:9 ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ သဘောထင်ရှားလိမ့်မည်။
10:10 မျက်စိမှိတ်သောသူသည် စိတ်ကို ပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။
10:11 ဖြောင့်မတ်သောသူ၏ နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏နှုတ်ကိုကား၊ ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။
10:12 မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။
10:13 ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။
10:14 ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုးနည်းခြင်းနှင့် နီးစပ်၏။
10:15 ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
10:16 ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်လည်းကောင်း၊ မတရားသောသူ၏အကျိုးစီးပွားသည် အပြစ်နှင့်လည်းကောင်းယှဉ်၏။
10:17 နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
10:18 အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။
10:19 စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။
10:20 ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏ နှလုံးမူကား အဖိုးမထိုက်။
10:21 ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။
10:22 ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
10:23 မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
10:24 မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။
10:25 မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။
10:26 ပုံးရည်သည် သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။
10:27 ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
10:28 ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
10:29 ထာဝရဘုရား၏တရားလမ်းသည် ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်းအကြောင်းဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။
10:30 ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။
10:31 ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကား ထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။
10:32 ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိကျွမ်းတတ်၏။ မတရားသောသူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ်ကြ၏။