Proverbs 20
20:1 စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။
20:2 ရှင်ဘုရင်ကြောက်စေသောအမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည် မိမိအသက်ကို ပြစ်မှား၏။
20:3 ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့် ရောနှောတတ်၏။
20:4 ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ်မလုပ်လို။ ထိုကြောင့် စပါးရိတ်သောကာလ၌ သူတစ်ပါးကို တောင်းသော်လည်း မရရာ။
20:5 လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
20:6 လူများတို့သည် မိမိတို့ပြုသောကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
20:7 ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။
20:8 တရားပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်သည် မကောင်းသောအမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ်ရှင်းတတ်၏။
20:9 ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့် ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
20:10 အလေးချင်းမတူသောအလေး၊ အဝင်ချင်းမတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
20:11 သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။
20:12 ကြားတတ်သော နားကိုလည်းကောင်း၊ မြင်တတ်သောမျက်စိကိုလည်းကောင်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။
20:13 ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ်ခြင်းကို မတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
20:14 ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီးမှ ဝါကြွားတတ်၏။
20:15 ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။
20:16 မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
20:17 လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
20:18 အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာ စစ်မှုကိုပြုရမည်။
20:19 လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။
20:20 အကြင်သူသည် မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
20:21 အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။
20:22 ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။
20:23 အလေးချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်း အပြစ်ရှိ၏။
20:24 လူသွားရာလမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ်သို့ နားလည်နိုင်သနည်း။
20:25 ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
20:26 ပညာရှိသောရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့်ဖိတတ်၏။
20:27 လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိသမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
20:28 ကရုဏာတရားနှင့် သစ္စာတရားသည် ရှင်ဘုရင်ကိုစောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာတရားအားဖြင့် မြဲမြံတတ်၏။
20:29 လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏။
20:30 အနာကို မွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကိုပြုတတ်၏။