Proverbs 3
3:1 ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
3:2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။
3:3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
3:4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာမျက်နှာရ၍၊ ကျေးဇူးကိုခံရလိမ့်မည်။
3:5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
3:6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။
3:7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
3:8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
3:9 သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
3:10 သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။
3:11 ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။
3:12 ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။
3:13 ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။
3:14 အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။
3:15 ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
3:16 သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
3:17 ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။
3:18 ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။
3:19 ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။
3:20 သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ်အက်ကွဲ၍၊ မိုးတိမ်မှလည်း နှင်းရည်ကျတတ်၏။
3:21 ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
3:22 သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
3:23 သင်သည် ခရီးသွားရာ၌ဘေးမရှိ။ ခြေမတိုက်မိဘဲ သွားလိမ့်မည်။
3:24 အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်။
3:25 လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေးကို ကြောက်စရာမရှိရ။
3:26 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကို မကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်။
3:27 ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
3:28 အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တစ်ဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟု မပြောနှင့်။
3:29 စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကိုမကြံနှင့်။
3:30 သင်၌အပြစ်မပြုသောသူကို အကြောင်းမရှိဘဲရန်မတွေ့နှင့်။
3:31 ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။
3:32 အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။
3:33 မတရားသောသူ၏နေရာသည် ထာဝရဘုရားကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းချီးပေးတော်မူ၏။
3:34 အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။
3:35 ပညာရှိသောသူတို့သည် ဘုန်းအသရေကိုအမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။